အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလမ်းညွှန်များနှင့် တည်မြဲလုပ်ထုံးလုပ်နည်းများ ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

  • Tue, 14 November 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလမ်းညွှန်များနှင့် တည်မြဲလုပ်ထုံးလုပ်နည်းများ ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ ၁၄ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်ကျင်းပသည့်ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလမ်းညွှန်များနှင့် တည်မြဲလုပ်ထုံးလုပ်နည်းများရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ  ၁၄ ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။ 

    

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဖွင့်အမှာစကား ပြောကြားခြင်း

    အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ CPU အဖွဲ့များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများက ချမှတ်ပေးထားသော ရည်မှန်းချက် (Mission) နှင့် လုပ်ငန်းစီမံချက် (Work Plan) တို့ကို ပေါင်းစပ်၍ မိမိဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သင့်လျော်သည့် လုပ်ငန်းလမ်းညွှန် (Terms of  Reference- TOR) ရေးဆွဲသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်များရေးဆွဲရာတွင်  CPU အဖွဲ့များ၏ ဆောင်ရွက်ရမည့်အချက်များနှင့် လုပ်ငန်းတာဝန်များကို တိကျစွာရေးဆွဲထားခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရှင်းလင်းတိကျ၍  ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ အလွယ်တကူလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက်  သက်ဆိုင်ရာအဖွဲ့အစည်းများမှ မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၊ အစီအစဉ်များပါဝင်သည့် (Standing Operating  Procedures - SOP)များကို စနစ်တကျရေးဆွဲထားရန်လိုအပ်ပါကြောင်း၊  လုပ်ငန်းဆောင်ရွက်မှုများမှာ အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့်အချက်များကို ကြိုတင်တားဆီးကာကွယ်နိုင်စေရေးအတွက် SOP ရေးဆွဲပြီး ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသည့် ပြည်သူများသိရှိစေရေး ပွင့်လင်းမြင်သာစွာ ချပြပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ ဌာနက ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လျင်မြန်လာမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူ များအကြား ယုံကြည်မှု ပိုမိုခိုင်မာလာစေမည်ဖြစ်ပါကြောင်း၊ တည်မြဲလုပ်ထုံးလုပ်နည်းများကို ရေးဆွဲထားခြင်းဖြင့် အဂတိလိုက်စားမှုများကို မဖြစ်ပွားမီ ကြိုတင်တားဆီးကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၆ (ဈ) ဖြစ်သည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများကို အကြံဉာဏ်ပေးခြင်း” နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကြံပြုတင်ပြရခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဆိုသည်မှာ ဖြစ်ပွားလာမှ တုံ့ပြန်အရေးယူဆောင်ရွက်ခြင်းထက် ပြစ်မှုဖြစ်ပွားစေသည့် အကြောင်းအရာများကို ရှာဖွေဖော်ထုတ်အသိပေးခြင်း၊ တားဆီးကာကွယ် ခြင်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါက နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊  ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။



    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏

လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်

ဦးထိန်လင်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း

    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ CPU  အဖွဲ့ခေါင်းဆောင်များက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကာ ကော်မရှင်အတွင်းရေးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ပါသည်။

ဆက်စပ် သတင်းများ