အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

  • Thu, 9 November 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ ၉ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အထက-၂၀ ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

    အဆိုပါစကားဝိုင်းတွင်ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အမှာစကားပြောကြားရာ၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် လုပ်ငန်းခွင်သို့ ဝင်ရောက်ရာ၌ အဂတိတရား(၄)ပါးကင်းရှင်းစေရန်၊ ကျင့်ဝတ်လိုက်နာရန်နှင့် ဖြောင့်မတ်တည်ကြည်မှု အလေ့အထကောင်းများကို ပြုစုပျိုးထောင်ရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးမြင့်လာစေရန်၊ အဂတိလိုက်စားမှုကို လက်သင့်မခံသည့် လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ၏အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်တန်းကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး သင်ခန်းစာများကို အခြေခံပညာအထက်တန်း Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့်ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများတည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်းများမှ (မူလတန်းနှင့် အလယ်တန်း)အဆင့် ကျောင်းသား/ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး သင်ခန်းစာများကို စိတ်ဝင်တစား ကြိုးစားသင်ယူပြီး ရရှိလာသည့် အသိပညာဗဟုသုတများအား မိမိပတ်ဝန်းကျင်တွင် မျှဝေပေးစေလိုပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု အလေ့အထကောင်းကို မိမိကိုယ်တိုင်က အစပြုလိုက်နာကြရန် ပြောကြားလိုပါကြောင်း၊ ယခုလူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသည့် ပညာရေးဝန်ကြီး ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးကို မိမိတို့ကော်မရှင်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ 


    အခမ်းအနားတွင် အထက(၂၀)၊ ပုဗ္ဗသီရိမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၂၀)၊ ပုဗ္ဗသီရိမှ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း


    ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ အထက-၂၀ မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက် ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ဆက်စပ် သတင်းများ