တရုတ်-အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ

  • Wed, 2 November 2016

တရုတ်-အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ


    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂-၁၁-၂၀၁၆ ရက်နေ့မှ ၄-၁၁-၂၀၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တရုတ်-အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ (China-ASEAN Anti-Corruption Workshop) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် မှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လှနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲအား အောက်ပါ ရည်ရွယ်ချက် (၄)ရပ် ဖြင့် ကျင်းပခဲ့ပါသည်-

    (က) အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အမြင်ဖလှယ်ခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုများ                  တိုးမြှင့်လာစေရန်နှင့်            အစည်းအဝေးရလဒ်များအပေါ် အခြေခံ၍ ဆောင်ရွက်နိုင်ရန်၊

        ( ခ )    ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော ချဉ်းကပ်မှုများနှင့် ရရှိနိုင်​သော အခွင့်အလမ်းများကို ထုတ်ဖော်ရန်၊

        ( ဂ)    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဏာပိုင်များနှင့်                    ကျွမ်းကျင်သူပညာရှင်များ၏            စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေရန်၊

        (ဃ)    ဒေသတွင်းရှိလူနေမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ တိုးမြင့်စေရန်တို့ ဖြစ်ပါသည်။


 

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်

    အလုပ်ရုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်(၃၀)ဦး၊ ဘရူနိုင်းနိုင်ငံမှ ကိုယ်စားလှယ်(၂)ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ် (၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ် (၄)ဦး၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ စင်ကာပူနိုင်ငံမှ ကိုယ်စားလှယ်(၂)ဦး၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ ဗီယက်နမ်နိုင်ငံမှကိုယ်စားလှယ်(၃)ဦး၊ IACAမှ ကိုယ်စားလှယ် (၄)ဦး၊UNODC မှ ကိုယ်စားလှယ် (၁) ဦး စုစုပေါင်း ကိုယ်စားလှယ် (၆၄)ဦး တက်ရောက်ခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ ကောင်းမွန်သောအလေ့အကျင့်များ၊ အောင်မြင်သော အတွေ့အကြုံများကို လေ့လာသိရှိရပြီး ဒေသတွင်းအဂတိလိုက်စားမှုဆိုင်ရာ စိန်ခေါ်မှုများကို လေ့လာသိရှိရပါသည်။ ထို့အပြင် ဒေသဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ဆောင်ရွက်လျက်ရှိသည့် ထိရောက်ကောင်းမွန်သော ချဉ်းကပ်မှုများ၊ နည်းလမ်းများကိုလည်း လေ့လာသိရှိပါသည်။ အမျိုးမျိုးသော အဂတိလိုက်စားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို လျော့ချနိုင်ရန်နှင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု(၂၀၃၀) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် နည်းလမ်းများ၊ နည်းစနစ်များကိုလည်း လေ့လာသိရှိခဲ့ရပါသည်။ ထိုကဲ့သို့ လေ့လာသိရှိရသည့် ဆွေးနွေးမှုအချက်အလက်များကို အခြေခံ၍ သင်ခန်းစာဖော်ထုတ်ပြီး မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို စီမံချက် ချမှတ် ဆောင်ရွက်ရာ၌ လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ