အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

  • Tue, 10 October 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ ၁၀ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ အထက-၂ ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


    အဆိုပါစကားဝိုင်းတွင်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းမှာ လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို ဆန့်ကျင်တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ယနေ့ကမ္ဘာပေါ်တွင် အဓိကပြဿနာတစ်ရပ်ဖြစ်လာပြီး ကမ္ဘာ့နိုင်ငံအသီးသီး ပူးပေါင်းတိုက်ဖျက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုနှင့် ဆင်းရဲမှုသည် တိုက်ရိုက်ဆက်စပ်လျက်ရှိပြီး ဆိုးကျော့သံသရာလည်ပတ်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို မဖြစ်ခင်ကပင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းဖြင့်သာ လျော့နည်းပပျောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကောင်းမွန်သည့်ကိုယ်ကျင့်တရားနှင့် မှန်ကန်သည့် အတွေးအမြင်များရှိစေရန် လက်ဦးဆရာများဖြစ်သည့် မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံစေရေး အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အဂတိကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ထွန်းစေရန် လူငယ်များသည် ဖြောင့်မတ်တည်ကြည်မှုရှိသည့် စိတ္တဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလနှင့် ကာယဗလတို့ရှိရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် ကျောင်းသားလူငယ်များကို ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် လူမှုတန်ဖိုးများကို နားလည်လိုက်နာကျင့်သုံးတတ်စေရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးဆရာကိုင် စာအုပ်များကို ပြုစုခဲ့ပြီး မူလတန်းအဆင့်မှ Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများတွင် ထည့်သွင်းရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း လူငယ်များကို နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များအဖြစ် ပေါ်ပေါက်လာစေရန် စေတနာ၊ ဝါသနာ၊ အနစ်နာ အရင်းခံ၍ ပြုစုပျိုးထောင်ပေးကြပါရန်နှင့် လူငယ်များအနေဖြင့်လည်း နေ့စဉ်ဘဝတွင် ကြုံတွေ့ရသည့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာ ပိုင်းခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကြရန်၊ ယခုစကားဝိုင်းမှ ရရှိခဲ့သည့် အသိအမြင်များကို မိမိတို့ပတ်ဝန်းကျင်မှာ ထပ်ဆင့်မျှဝေပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။



   

 ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ အထက-၂ မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ပြင်   မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်း၌ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ အရာထမ်းတစ်ဦးက အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။



ဆက်စပ် သတင်းများ