ကျန်းမာရေးဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း

  • Tue, 10 October 2023

ကျန်းမာရေးဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း


နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

    ကျန်းမာရေးဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန/ကုသရေးဦးစီးဌာနမှူးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ခုတင်-၂၀၀နှင့်အထက် ဆေးရုံအုပ်ကြီးများနှင့် ဦးစီးဌာန အသီးအသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်ကာ နိုင်ငံတော်အတွက် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ပြီး နိုင်ငံတော်ကိုဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မူဝါဒများ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် ဌာနကြီးဖြစ်သဖြင့် ပြည်သူလူထုအကျိုးစီးပွားကိုထိခိုက်စေမည့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းမရှိစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကိုအကောင်အထည်ဖော်ရာတွင် အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးအမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုက်အဝန်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများပေါ်ပေါက်ကာမှ စုံစမ်း စစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊မိမိတို့ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ တစ်ခါတစ်ရံ၌ မိမိကိုယ်တိုင် မကျူးလွန်သော်လည်း ညွှန်ကြားထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိလျှင်လည်း အဂတိလိုက်စားမှုနှင့်ငြိစွန်းသည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း ရှိပါကြောင်း၊အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ဖွဲ့စည်းထားသည့်ရည်ရွယ်ချက်မှာ မိမိ၏ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုသည့်အတိုင်း ကာကွယ်ရန်လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှု မဖြစ်မြောက်အောင်၊ ရပ်တန့်သွားအောင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ဝန်ထမ်းများကို တတ်နိုင်သမျှနည်းလမ်းများဖြင့် အဂတိလိုက်စားမှုများမဖြစ်အောင် ကာကွယ်အသိပညာပေးရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ၍ “အဂတိပယ်ခွာ ပြည်သာယာ”ဆိုသည့်အတိုင်း အဂတိလိုက်စားမှုများအား တားဆီးကာကွယ် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ယခုကဲ့သို့ အသိပညာပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအားပေးအပ်ထားသည့်  ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို အသေးစားအဂတိလိုက်စားမှု၊ ကြီးမားသောအဂတိလိုက်စားမှုနှင့် နိုင်ငံရေးအဂတိလိုက်စားမှုများဟူ၍ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး ဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်း (၃)သွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေတစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ကျစ်လျစ် ခိုင်မာစွာဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်သင့်ပါကြောင်း၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း (Corruption Risk Assessment-CRA) ကို အလေးပေးဆောင်ရွက်ပြီး အားနည်းချက်များကို ဖော်ထုတ်ပြုပြင်သင့်ပါကြောင်း၊ ဌာနတွင်းရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှုများ မကျူးလွန်စေရေး အပြန်အလှန်ထိန်းကျောင်းသည့်စနစ်များဖြင့် ထိရောက်စွာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုပြောကြားခဲ့ပါသည်။


    ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်းအကြောင်းအရာများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဦးရဲထက်က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက မေးမြန်းသည့်မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။



ဆက်စပ် သတင်းများ