အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

  • Mon, 2 October 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ ၂ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီ ဌာနတို့ ပူးပေါင်းကျင်းပသည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

    အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိရန်၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက် လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်လာရန်နှင့် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍပါဝင် လာစေရန်၊ အများအကျိုးနှင့် ကိုယ်ကျိုးတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန် ရည်ရွယ်ကြောင်း၊ အဂတိလိုက်စားမှုသည် သေးငယ်သောပမာဏမှစ၍ အစဉ်အလာ တစ်ခုကဲ့သို့  အမြစ်တွယ်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အဟန့်အတားဖြစ်စေသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကျင့်ဝတ်ကို အလေးထားလိုက်နာသည့် ယဉ်ကျေးမှု ထွန်းကားသည့် နိုင်ငံဖြစ်ကြောင်း၊ ကျင့်ဝတ်ဖောက်ဖျက်ခြင်းသည် အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံ့ခေါင်းဆောင်များကို ရွေးချယ်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို စံထား၍ အဓိကရွေးချယ်ကြကြောင်း၊ ကော်မရှင်အနေဖြင့် လူငယ်များအား ဖြောင့်မတ်တည်ကြည်မှုစံနှုန်းများကို သိရှိပြီးလိုက်နာမှုရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ပြုစုခဲ့ပြီး သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲ၍ ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ ယင်းသင်ရိုးညွှန်းတမ်းများကို အခြေခံ၍ Edutainment အစီအစဉ်များကိုလည်း အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ခွန်အားများဖြစ်သည့်အတွက် ငယ်စဉ်ကပင် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေများကို လိုက်နာသည့် အလေ့အကျင့်များကို စာသင်ခန်းများမှ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ငယ်စဉ်ကပင် ဖြောင့်မတ်တည်ကြည်မှု အရည်အချင်းများကို အခြေပြုရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  လူငယ်စကားဝိုင်းမှ အတွေး အခေါ်အယူအဆများကိုမိမိတို့ပတ်ဝန်းကျင်တွင် ထပ်ဆင့်မျှဝေပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။


    အခမ်းအနားတွင် အထက(၁)၊ ဇေယျာသီရိမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း


အခမ်းအနားတွင် အထက(၁)၊ ဇေယျာသီရိမှ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ကျောင်းအုပ်ဆရာမကြီးထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း

    ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိ လိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကျောင်းအုပ်ဆရာမကြီးထံသို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အကနှင့် သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၃၁၅) ဦး တက်ရောက်ခဲ့ပါသည်။ 


ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ စုံစမ်းရေးမှူး က အလယ်တန်းအဆင့် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment)အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း

ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒု-စုံစမ်းရေးမှူး က မူလတန်းအဆင့် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment)အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း

    ထို့အပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာနှင့်ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဆရာ၊ ဆရာမ (၁၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၅၅၂)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ