အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်
- Fri, 29 September 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်၊ ဖြောင့်မတ် တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များနှင့် အထက်တန်းအဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန်နှင့် နည်းပညာတက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများနှင့် အထက်တန်းကျောင်းများတွင် ဆွေးနွေး သင်ကြားနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အနာဂတ်တွင် ဖြောင့်မတ်တည်ကြည်မှုရှိပြီး အဂတိ ကင်းရှင်းသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးပုံဖော်နိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် တရားစွဲဆိုအရေးယူဆောင်ရွက်ရုံ မျှဖြင့် ထိရောက်နိုင်မည် မဟုတ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မှသာ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်သည့် အပြု သဘောဆောင်သည့်နည်းလမ်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းကိုလည်း မြှင့်တင်ပေးသင့်ကြောင်း၊ လူငယ်များကို အကျင့် ဖောက်ပြန်မှုဖြစ်သည့် အဂတိလိုက်စားမှု၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့်စပ်လျဉ်း ၍ နားလည်သဘောပေါက်စေရန် လက်ဆင့်ကမ်းမျှဝေပေးဖို့ လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ကြိုတင်တားဆီးကာကွယ်ခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်ဖြစ်၍ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်း ဒေသကြီး/ပြည်နယ်အဆင့်များတွင် ဖွဲ့စည်းခဲ့ပြီး ယင်းတို့၏လုပ်ငန်းတာဝန်နှင့် အစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်မှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာဖြစ်ပြီး အဂတိ ပယ်ခွာပြည်သာယာ ဆောင်ပုဒ်နှင့်အညီ လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန်နှင့် ယခုကဲ့သို့ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူးပင်ကျေးဇူးတင် ဂုဏ်ယူ ကြိုဆိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရည်ညွှန်းစာစောင် (၆၀၀) အုပ်အား လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရည်ညွှန်းစာစောင်များကို ပြုစုထုတ်ဝေဆောင်ရွက်နိုင်ခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များသည် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုထုတ်ဝေခြင်း ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ အဂတိလိုက်စားမှုကင်းစင်ပြီး ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်သည့် နိုင်ငံသားကောင်းဖြစ်လာစေရေးကို အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို သက်ဆိုင်ရာတက္ကသိုလ်များအသီးသီးသို့ ဆက်လက်ပေးပို့ဖြန့်ဝေပြီး တက္ကသိုလ်စာကြည့်တိုက်များတွင် ထားရှိကာ ကျောင်းသားများ ဖတ်ရှုလေ့လာစေ၍ အသိပညာ ပေးဆိုင်ရာ အခမ်းအနားများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပေးပါသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်တကွ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း