အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme-PFP) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးတင်ပြခြင်း
- Mon, 25 September 2023
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အသုံးပြုဆောင်ရွက်လျက် ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ပြည်သူ(၃၁၄၃၅၀)ဦးကို SMS ပေးပို့ မေးမြန်း၍ တုံ့ပြန်မှုများရယူခဲ့ရာ ပြည်သူ(၃၃၅၀၇)ဦးက တုံ့ပြန်အကြံပြုချက်များ ပေးပို့ခဲ့သဖြင့် တုံ့ပြန်မှုရာခိုင်နှုန်းအနေဖြင့်(၁၀.၆၅%)ရရှိခဲ့ပါသည်။
၄။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများမှပြန်ကြားလာသည့် ပြည်သူများ ၏ တုံ့ပြန်အကြံပြုချက်များ၊ မေးမြန်းချက်များအပေါ် ဌာနအကြီးအကဲများထံသို့ တင်ပြလမ်းညွှန်မှု ခံယူ၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများကဆောင်ရွက်နေသည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်သည် နိုင်ငံ တစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက်သာမက တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တုံ့ပြန်ဖြေကြားရခြင်းဟူသည့် နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် မရှိမဖြစ်အင်္ဂါရပ်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်သည့် အတွက် ဌာနများအနေဖြင့် ယင်းအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အစိုးရဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်း များ ပိုမိုကောင်းမွန်လာစေရေး Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်း များကို အကြံပြုဖြေကြားပေးခြင်းဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း အကြံပြုနှိုးဆော်အပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်