အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
- Tue, 19 September 2023
နေပြည်တော်၊ စက်တင်ဘာလ ၁၉ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ အထက-၁ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူမှုထက် များစွာကျယ်ပြန့်ကြောင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများကို သက်ရောက်စေနိုင်ကြောင်း၊ ကဏ္ဍအလိုက် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များပျက်ယွင်းပြီး မလုပ်သင့်မလုပ်ထိုက်တာကိုလုပ်ခြင်းကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာကြောင်း၊ လုပ်ငန်းခွင်တွင်လည်း ခွဲခြားဆက်ဆံမှုများကြောင့် အဂတိလိုက်စားမှုကိုဖြစ်စေကြောင်း၊ အများပြည်သူအကျိုး ဆောင်ရွက်ရန် အပ်နှင်းထားသည့်အခွင့်အာဏာကို အလွဲသုံးခြင်းသည် အဂတိတရားဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ တည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေကြောင်း၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍများတွင် အားနည်းပါက လူငယ်တို့၏အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်း၊ လူငယ်များအား အနာဂတ်တွင် ကောင်းမွန်သည့် လုပ်ငန်းခွင်၊ လူမှုဘဝများရရှိစေရန် အဂတိတရားကို တိုက်ဖျက်ရန် အဓိကကျပါကြောင်း၊ အဂတိတရားကို တိုက်ဖျက်ရာတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု အလေ့အကျင့်သည် အဓိကကျသဖြင့် လူငယ်များကို ငယ်စဉ်ကပင် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် စာသင်ကျောင်းများမှ အစပြု၍ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ အများအကျိုးသယ်ပိုးမည့် ဖြောင့်မတ်တည်ကြည်ပြီး ကျင့်ဝတ်သိက္ခာနှင့်ညီသည့် လူငယ်ခေါင်းဆောင်များ ဖြစ်ပေါ်လာရန် အရေးကြီးကြောင်း၊ သို့မှသာ နိုင်ငံသားတိုင်း ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များပါဝင်လာစေရန် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး လူငယ်ကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံက အားကိုးအားထားပြုရသည့် ဖြောင့်မတ်တည်ကြည်သည့် အနာဂတ်ခေါင်းဆောင်ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး လယ်ဝေးမြို့၊ အထက-၁ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၅) ဦး တက်ရောက်ခဲ့ပါသည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့၊ အလက (ခွဲ)၊ ဖားအောက် အခြေခံပညာအလယ်တန်းကျောင်း၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈၂) ဦးအား ကော်မရှင်ရုံးခွဲမှ အမှုထမ်းတစ်ဦးက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။