ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်သော နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မူခင်းများ တားဆီးနှိမ်နင်းရေးတွင် မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးအတွက် အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးစဉ်
- Sat, 17 September 2016
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့နှင့် ချီကာဂိုမြို့များသို့ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကျွမ်းကျင်မှုနှင့် အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲများသို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော် တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးချုပ် အောင်ဝင်းဦး ဦးစီးသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ အဆင့်မြင့်အရာရှိ (၉)ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပါသည်။
ရည်ရွယ်ချက်မှာ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မူခင်းများ တားဆီးနှိမ်နင်းရေးတွင် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တားဆီး နှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေး၊ ခိုင်မာရေးတို့တွင် အမေရိကန်ပြည်ထောင်စု၏ ပူးပေါင်းဆောင်ရွက်မှု စတင်နိုင်ရေးနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။
ဆွေးနွေးပွဲများတွင် အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့မှ ဌာနများအနေဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများတားဆီးနှိမ်နင်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့တွင် အဓိကတာဝန်ယူ ဆောင်ရွက်ရသော ရဲတပ်ဖွဲ့၊ တရားစီရင်ရေး၊ ဥပဒေရေးရာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စာရင်းစစ်ဆေးခြင်း စသည့်ဌာနများမှ အလယ်အလတ်အဆင့် (Techanical level)နှင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရသော (Practicial level) အဆင့်များ၏ ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။
နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မူခင်းများတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုနှင့် အဆိုပါမူခင်းများ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို အဓိကဆွေးနွေးခဲ့ပါသည်။ မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှုများတွင် ၎င်းတို့အနေဖြင့် စုံစမ်းထောက်လှမ်းရာ၌ နည်းပညာ အသုံးပြု၍ ငွေကြေးနောက် လိုက်လံစုံစမ်းခြင်း (follow the money) ဖြင့် အမှုများ ဖော်ထုတ်မှုကို ဦးစားပေးလုပ်ဆောင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။