အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

  • Wed, 6 September 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ ၆ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အထက(၁၈) ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

        အဆိုပါစကားဝိုင်းတွင်ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အမှာစကား ပြောကြားရာ၌ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းမှာ လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ သိရှိစေရန်၊ အဂတိလိုက်စားမှုကို ဆန့်ကျင်လိုသည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းလာစေရန်နှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အဓိက အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်၍ နိုင်ငံ့အနာဂတ်လူငယ်များကို ကိုယ်ကျင့်တရား ကောင်းမွန်စေရန် ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ပျိုးထောင် ရာတွင် ပညာသင်ကြားရာ စာသင်ခန်းများမှ စတင်ရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်လိုက်နာသူသည် မိမိကိုယ်ကို ထိန်းသိမ်းတန်ဖိုးထားတတ်သူဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် စည်းမျဉ်းများလိုက်နာခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူငယ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်လာစေရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပြီး လူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးလျက်ရှိကြောင်း၊ အနာဂတ်ခေါင်းဆောင်လူငယ်များကို ကျင့်ဝတ်နှင့်အညီ ထိရောက်သည့် စီမံခန့်ခွဲမှုရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ခြင်းဖြင့် အဂတိလိုက်စားမှုလျော့နည်း ပပျောက်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် အထက(၁၈)၊ ဒက္ခိဏသီရိမှ ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

အခမ်းအနားတွင် အထက(၁၈)၊ ဒက္ခိဏသီရိမှ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက  သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း

        ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်၊ အထက(၁၈) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြပါသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၂၈၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  တောင်ကြီးမြို့ရှိ အမှတ်(၁၅) အခြေခံပညာအလယ်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁၉) ဦးအား ကော်မရှင်ရုံးခွဲမှ အမှုထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါအကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တောင်ကြီးရုံးခွဲမှ ဦးစီးမှူး  က အလယ်တန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး  (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တောင်ကြီးရုံးခွဲမှ ဒုတိယစုံစမ်းရေးမှူး က မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


ဆက်စပ် သတင်းများ