အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
- Wed, 30 August 2023
နေပြည်တော်၊ ဩဂုတ် ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပ သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က အဖွင့်အမှာစကားပြောကြားခြင်း
ထို့နောက် တက်ရောက်လာကြသူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့် ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကြသည်။
ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့-CPU မှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက In person ဖြင့်လည်းကောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနတာဝန်ခံများနှင့် သုတေသနဆောင်ရွက်နေသူများက Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က မေးမြန်းမှုနှင့်စပ်လျဉ်း၍ ပြန်လည်းရှင်းလင်းဖြေကြားခြင်း
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း