အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ
- Wed, 23 August 2023
နေပြည်တော်၊ ဩဂုတ် ၂၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အထက-၇ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စကားဝိုင်းတွင်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုလျော့နည်းကျဆင်းရေးအတွက် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းအပြင် တစ်ဖက်တွင်လည်း မဖြစ်ခင်ကပင် ကြိုတင်တားဆီးကာကွယ်ရန် အသိပညာပေးလုပ်ငန်းများကို ကဏ္ဍအလိုက် ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်လိုတဲ့ လူမှုအဖွဲ့အစည်းဖြစ်တည်လာစေရန် လူငယ်ကဏ္ဍ အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများမှစတင်၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးသင်ခန်းစာများ သင်ကြားနိုင်ရန် ကော်မရှင်မှ ပြုစုထုတ်ဝေခဲ့သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဆရာကိုင်လက်စွဲစာအုပ်များကို ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကောင်းမွန်သော လူမှုတန်ဖိုးများကို အလေးထားရန်၊ အများအကျိုးသယ်ပိုးဆောင်ရွက်တတ်စေရန်၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်စေရန်၊ အကောင်း၊ အဆိုးခွဲခြားသိမြင်တတ်စေရန်၊ မှန်ကန်သည့် အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကောင်းနှင့်အဆိုး ခွဲခြားသိမြင်ရန်မှာ အသိပညာမြင့်မားရန် လိုကြောင်း၊ အတတ်ပညာကျွမ်းကျင်သော်လည်း အသိပညာနိမ့်ပါးနေပါက ပတ်ဝန်းကျင်းကို ထိခိုက်စေနိုင်ကြောင်း၊ လူငယ်များအနေဖြင့် မှန်ကန်သည့် အတွေးအမြင်ဖြစ်ပေါ်ရန်အတွက် လမ်းကြောင်းတည့်မတ်သွန်သင်ဆုံးမပေးရန်လိုကြောင်း၊ ယနေ့ ကျင်းပခဲ့သည့် လူငယ်စကားဝိုင်းမှရရှိလာသည့် အသိအမြင် ဗဟုသုတများကို မိမိပတ်ဝန်းကျင်ကို မျှဝေပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ အထက-၇ မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ပြင် မော်လမြိုင်မြို့၊ အလက (၇) အခြေခံပညာ အလယ်တန်းကျောင်း၌ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ အရာထမ်းများက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။