Seventh Session of the Implementation Review Group အစည်းအဝေး
- Mon, 20 June 2016
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ(Vienna International Centre-VIC) တွင် ၂၀-၆-၂၀၁၆ မှ ၂၄-၆-၂၀၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Conference of the State Parties to The United Nations Convention Against Corruption ၏ Seventh Session of the Implementation Review Group အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ညွှန်ကြားရေးမှူး ဒေါ်ခင်မော်ဝေတို့နှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဗီယင်နာ)မှ သံအမတ်ကြီး ဦးစံလွင်၊ သံမှူးကြီး ဦးကျော်ညွန့်ဦးနှင့် ဒုတိယအတွင်းဝန် ဒေါ်ဖွေးမွန်ကျော်တို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မီဒီယာများ၊ ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် ဗီယင်နာမြို့ ရှိ သံရုံးများမှ သံအမတ်ကြီးများအပါအဝင် ကိုယ်စားလှယ် (၅၀၀) ကျော် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ခြင်း သုံးသပ်မှု ပထမစက်ဝန်းနှင့် ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံဆိုင်ရာ သုံးသပ်မှုများမှ ထွက်ရှိလာသည့် ရလဒ်များနှင့် ကောင်းမွန်သော အလေ့အကျင့်ဆိုင်ရာ သတင်းအချက်အလက်များ၊ မိမိနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ အခက်အခဲနှင့် အောင်မြင်မှုများကို တင်ပြကြရာ အစည်းအဝေးမှ အတွေ့အကြုံသည် မိမိနိုင်ငံကဆောင်ရွက်လျက်ရှိသည့် ပထမစက်ဝန်း သုံးသပ်မှု လုပ်ငန်းစဉ်အတွက် များစွာ အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ် နှစ်လည်တွင် စတင်မည့် သုံးသပ်မှု ဒုတိယ စက်ဝန်းအတွက် ကွန်ဗင်းရှင်း အခန်း ၂ နှင့် အခန်း ၅ တို့နှင့်ပတ်သက်ပြီး နည်းပညာအကူအညီ များရရှိရေး၊ သုံးသပ်မှုယန္တရားနှင့် ပတ်သက်သည့် ပြင်ဆင်ထားသော software ကို အတည်ပြု နိုင်ရေး စသည်တို့ကိုလည်း အဖွဲ့ဝင်နိုင်ငံများ အကြား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါသည်။