အမှုကိစ္စအောင်မြင်စေရန် ဌာနအကြီးအကဲများအား ပေးရမည်ဟူ၍ ငွေကျပ် ၄၁၅ သိန်း လိမ်လည် တောင်းယူသည့် ဦးမောင်မောင်ညွန့် (ဗိုလ်မှူး၊ ငြိမ်း)ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုအရေးယူခြင်း
- Tue, 6 September 2016
ဖြစ်စဉ်အကျဉ်း။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ ဦးမောင်မောင်ညွန့် (ဗိုလ်မှူး၊ ငြိမ်း)သည် မြစ်ကြီးနားမြို့နေ ဒေါ်ဖြူဖြူဝင်းထံမှ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးသိန်းဝင်း (ခ) ဟာဂျီဟာဆန်၏ အမှုကိစ္စနှင့်ပတ်သက်၍ အောင်မြင်မှု ရရှိစေရန်အတွက် ဌာနဆိုင်ရာ အကြီးအကဲများအား ငွေကြေးပေး၍ သက်သာအောင် ဆောင်ရွက်ပေးမည်ဟုပြောဆိုကာ ငွေကျပ်(၄၁၅)သိန်းအား ကမ္ဘောဇဘဏ်မှတစ်ဆင့် ရယူခဲ့သည်။ ယင်းသို့ ဌာန အကြီးအကဲများကို ပေးကမ်းရမည်ဟု ဥပဒေနှင့် မညီသော နည်းလမ်းဖြင့် သွေးဆောင် လိမ်လည်ပြောဆိုရယူပြီး ၎င်း၏ကိုယ်ကျိုးအတွက်သာ သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ငူမြို့မရဲစခန်း (ပ)၃၀/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀/၁၆၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။ ယင်းအမှုမှ တရားလိုစစ်ဆေးခြင်း၊ တရားခံဖမ်းဆီးစစ်ဆေးပြီး ခံဝန်ပေးခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမှုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုရန် ဥပဒေအကြံပြုချက် အရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အမှုတွဲ အား လွှဲပြောင်းပေးပို့ခဲ့သည်။
တရားစွဲဆိုအရေးယူမှု။ ယင်းအမှုနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးဆောင်ရွက်ချက် များ ပြုလုပ်ပြီးနောက် ဦးမောင်မောင်ညွန့်အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် တောင်ငူမြို့နယ် တရားရုံး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့် တရားစွဲဆိုခဲ့သည်။