“လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်းကျင်းပ
- Tue, 18 July 2023
နေပြည်တော် ဇူလိုင် ၁၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့်အဂတိ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ၊ အထက-၅ ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် လုပ်ငန်းခွင်သို့ ဝင်ရောက်ရာ၌ အဂတိတရား(၄)ပါး ကင်းရှင်းစေရန်၊ ကျင့်ဝတ်လိုက်နာရန်နှင့် ဖြောင့်မတ်တည်ကြည်မှု အလေ့အထကောင်းများကို ပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ကျောင်းသားလူငယ်တို့၏အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးမြင့်လာစေရန်၊ အဂတိလိုက်စားမှုကို လက်သင့်မခံသည့် လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ၏အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက် တန်းကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး သင်ခန်းစာများကို အခြေခံပညာအထက်တန်း Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment)အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများ တည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်းများမှ(မူလတန်းနှင့် အလယ်တန်း)အဆင့် ကျောင်းသား/ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးသင်ခန်းစာများကို စိတ်ဝင်တစား ကြိုးစားသင်ယူပြီး ရရှိလာသည့် အသိပညာဗဟုသုတများအား မိမိပတ်ဝန်းကျင်တွင် မျှဝေပေးစေလိုပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု အလေ့အထကောင်းကို မိမိကိုယ်တိုင်က အစပြုလိုက်နာကြရန် ပြောကြားလိုပါကြောင်း၊ ယခုလူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို မိမိတို့ကော်မရှင်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ “လူငယ်နှင့်အဂတိ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် အတူ ကျောင်းသား/ကျောင်းသူ (၃) ဦးတို့က အဂတိလိုက်စားမှုဆိုတာ ဘယ်လိုအရာတွေလဲ၊ အဂတိ လိုက်စားမှုဟာ လူငယ်တွေရဲ့ အနာဂတ်အပေါ် ဘယ်လိုအကျိုး သက်ရောက်မှုရှိလဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲစသည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ဆွေးနွေး မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။