အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် (GlobE Network) ၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်များအဖွဲ့မှ ကြီးမှူးကျင်းပသည့် Webinar ၊ ကုလသမဂ္ဂလေ့ကျင့်ရေးနှင့် သုတေသနဌာန (UNITAR) မှ ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲ တို့သို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
- Fri, 14 July 2023
နေပြည်တော်၊ ဇူလိုင်လ ၁၄ ရက်
“မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်လုပ်ကိုင်လျက်ရှိရာ”
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယင်နာ အပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် (GlobE Network) ၏ စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ online မှတစ်ဆင့် ပါဝင် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဖြေရှင်းနိုင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အဓိက ရင်ဆိုင်ကြုံတွေ့နေရသည့် သတင်းအချက်အလက်များ အချိန်မီရရှိမှု အခက်အခဲကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ကွန်ရက်၏ ၂၀၂၁ - ၂၀၂၂ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၃ ခုနှစ်အတွင်း လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို” ဆွေးနွေးကြပါသည်။
ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၃-၇-၂၀၂၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်များအဖွဲ့မှ ကြီးမှူးကျင်းပသည့် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ Webinar သို့ online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ရာ “ကိုဗစ်-၁၉ ကာလ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွေ့အကြုံများ၊ ဖြေရှင်းဆောင်ရွက် နေမှုများ၊ ဟောင်ကောင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ နည်းပညာ အထောက်အကူပြု ဆောင်ရွက်ပေးနေမှုများ၊ တက်ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့၏ အရေးကြီးပုံကို” ရှင်းလင်း ဆွေးနွေး ကြပါသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၁၃-၇-၂၀၂၃ ရက်နေ့တွင် ကုလသမဂ္ဂလေ့ကျင့်ရေးနှင့် သုတေသနဌာန (UNITAR) မှ ကြီးမှူးကျင်းပသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာတွင် ကျွမ်းကျင်ပညာရှင်များက “ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများ မြင့်မားလာခြင်းကို ကုစားနိုင်ရေးအတွက် အစိုးရများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဖြောင့်မတ်တည်ကြည်မှုတို့ကို အလေးထားအကောင်အထည်ဖော်သင့်ပါကြောင်း၊ အဂတိလိုက်စားမှုအန္တရာယ်ဆန်းစစ်ခြင်း၊ အဖွဲ့အစည်း ဆိုင်ရာမူဘောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ပါကြောင်း” အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးကြပါသည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းနှင့် ဆက်စပ်အစည်းအဝေးများ၊ နိုင်ငံတကာ အစည်းအဝေးများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပါဝင်တက်ရောက်လျက်ရှိရာ အဆိုပါအစည်းအဝေးများသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ ဦးကျော်ဝင်းသိန်း၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထိန်လင်း၊ ဦးဇော်မင်းထွန်း နှင့် အရာထမ်း များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။