နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

  • Fri, 14 July 2023

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်


နေပြည်တော်၊ ဇူလိုင်လ   ၁၃   ရက်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်က ကြုံတွေ့ရသည့် နစ်နာဆုံးရှုံးမှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်စေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အား ဒုတိယဝန်ကြီး ဦးဆောင်၍ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကို အခြားသောဝန်ကြီးဌာနများနည်းတူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူတို့အတွက် စေတနာထားပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ်၊ အဂတိကင်းရှင်းစွာဖြင့် ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင်ပြီး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်ကို ဆက်လက်မြှင့်တင်ပေးကြစေဖို့မှာကြားလိုကြောင်း၊ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းအစီအစဉ်များကို စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာဌေးအောင် က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခုတည်းဖြင့် ဆောင်ရွက်မည် ဆိုပါက လုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အရှိန်မြှင့်တင် ဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူမှုထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ ဂတိတရား ၄ ပါးကို ဆန့်ကျင်ဆောင်ရွက်ပါက အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ပြီး နိုင်ငံတော်အကျိုးစီးပွားထိခိုက်ခြင်း၊ အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုထိခိုက်ခြင်း စသည့်သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ကျင့်ဝတ်လိုက်နာမှုသည် အရေးကြီးပါကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ မိမိကိုယ်ကို ကောင်းအောင်ကျင့်ကြံခြင်းဖြင့် မိမိ၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ကြရန်နှင့်  အများပြည်သူအပေါ် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရိုးသား၊ ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


    ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မှ အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို Video Clip ဖြင့် ရှင်းလင်း ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။






ဆက်စပ် သတင်းများ