အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကျင်းပ
- Wed, 5 July 2023
နေပြည်တော်၊ ဇူလိုင် ၅
“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ”-
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ နံနက်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်တွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတွေကို လူငယ်တွေအနေဖြင့် တိုက်ဖျက်ဖို့ဆိုရင် ပထမဦးစွာ ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုဟာ တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာရင် အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း၊ ဒါကြောင့် မျိုးဆက်သစ်လူငယ်များအား ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ် လာဖို့ဆိုတာ လူငယ်တို့ရဲ့ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းတွေကနေ စတင်ရပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုတွေကို ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရပါကြောင်း၊ “ဖြောင့်မတ်တည်ကြည်မှု” ဆိုတာကတော့ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ကိစ္စရပ်တွေမှာ စံနမူနာတစ်ခုကို ထောက်ခံအားပေးပြီး ၎င်းနှင့်ဆန့်ကျင်ဆောင်ရွက်ခြင်းမပြုဘဲ ကျင့်ဝတ်နှင့်ညီသည့် စည်းမျဉ်းများကို ဖော်ဆောင်လိုက်နာ ဆောင်ရွက်ခြင်းပဲဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဟာ နိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်နိုင်သလို ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက်ပြီဆိုရင်လည်း အဂတိလိုက်စားမှု ဖြစ်သွားနိုင်တယ်ဆိုတာကို သတိထားဖို့ အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများကိုလည်း ယခုစာသင်နှစ် ဇွန်လမှစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာတွေကို သိရှိနားလည်သွားပြီဆိုရင် ရရှိလာတဲ့ အသိပညာဗဟုသုတ တွေကို မိမိမိတ်ဆွေ အပေါင်းအသင်းတွေကို မျှဝေပေးစေလိုပါကြောင်း၊ ဖြောင့်မတ်တည်ကြည်ဖို့အတွက် မိမိကိုယ်တိုင်က အစပြုလိုက်နာကြပါလို့ ပြောကြားခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက အမှတ်(၁၈) ဒက္ခိဏသီရိ ကျောင်းအုပ်ကြီးထံ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်၊ ကော်မရှင်မှပြုစုထုတ်ဝေခဲ့သည့် လက်ကမ်း စာစောင်(၃)မျိုးနှင့် ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့မှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ သူများအား ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာအချို့ကို ကောက်နုတ်၍ သင်ကြားပို့ချခဲ့ကြပါသည်။