လာဘ်ငွေနှစ်သိန်းတောင်းယူသည့် မိတ္ထီလာမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်နှင့် ရဲအုပ် ဇော်ဝေကျော် တို့ကို တရားစွဲဆိုအရေးယူခြင်း

  • Mon, 22 August 2016

တိုင်ကြားသူ။  မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းဘေး၊ ဆင်စလွယ် ကျေးရွာရှိ အောင်ကောင်းပြည့် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် ဦးအောင်ဝင်း

ဖြစ်စဉ်အကျဉ်း။         ၂၄-၅-၂၀၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး၊ ဆင်စလွယ်ကျေးရွာရှိ အောင်ကောင်းပြည့် စက်သုံးဆီ အရောင်းဆိုင်တွင် မီးချောင်းကျွမ်းနေသဖြင့် ဆိုင်ဝန်ထမ်း မောင်ဖြိုး(ခ) ပြည့်ဖြိုးက အသစ် လဲလှယ်တပ်ဆင်ရာမှ ဓာတ်လိုက် သေဆုံးသွားခဲ့သည့်ကိစ္စရပ်ကို မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး ဦးသိန်းဟန်နှင့်အဖွဲ့က လာရောက်စစ်ဆေးပြီးနောက် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးအောင်ဝင်းအား ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားသဖြင့် သွားရောက်ခဲ့ရာ ရဲအုပ်ဇော်ဝေကျော် မှတဆင့် ငွေနှစ်သိန်းကျပ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဆိုင်ပိုင်ရှင် ဦးအောင်ဝင်းက နောက်ရက်မှ ပေးမည် ပြောသည်ကို ရဲစခန်းမှူး က လက်မခံဘဲ ဒီညဖြစ်အောင်ပေးရန် ရင့်သီးစွာပြောဆိုသဖြင့် မိတ်ဆွေ တစ်ဦးထံမှ ငွေချေးယူကာ ၎င်းနေ့ ည ၉ နာရီတွင် သက်သေ ၃ ဦးနှင့်အတူ ငွေနှစ်သိန်း သွားရောက်ပေးအပ်ခဲ့ရာ စခန်းမှူးကိုယ်စား ရဲအုပ်ဇော်ဝေကျော်က လက်ခံခဲ့သည်ကို ဆိုင်ပိုင်ရှင် ဦးအောင်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ၇-၆-၂၀၁၆ ရက်နေ့စွဲပါစာဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။

တရားစွဲဆိုအရေးယူမှု။         အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားသည့်အတိုင်း မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်၍ မိတ္ထီလာ မြို့မရဲစခန်းမှူး ဦးသိန်းဟန်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်တွင်  ၁၆-၈-၂၀၁၆ ရက်နေ့ကလည်းကောင်း၊ ရဲအုပ် ဇော်ဝေကျော် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ မိတ္ထီလာမြို့နယ်၊ တရားရုံးတွင် ၁၇-၈-၂၀၁၆ ရက်နေ့ကလည်းကောင်း အသီးသီးတရားစွဲဆို အရေးယူထားပါသည်။

ဆက်စပ် သတင်းများ