အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

  • Fri, 23 June 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဇွန်လ  ၂၃

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကော်မရှင်ရုံးခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူ (၃၆) ဦး တက်ရောက်ခဲ့ကြသည်။ 


    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ စုံစမ်းစစ်ဆေးရေးလုပ်ငန်းနယ်ပယ် တာဝန်ယူဆောင်ရွက်နေကြသည့်ဝန်ထမ်းများ သိရှိနားလည်ထားရမည့် ဘာသာရပ်များဖြစ်သည့် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ အထူးနှင့်အထွေထွေဥပဒေ၊ ဥပဒေထင်မြင်ချက်တောင်းခံခြင်း၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေ၊ တရားရုံးရှေ့ ကြိုတင်ထွက်ဆိုချက်ရယူခြင်းနှင့် ဖြောင့်ချက်ရယူခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ မြေငှားဂရမ်နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး၊ မှုခင်းဘာသာရပ်၊ မှုခင်းစစ်ဆေးခြင်း၊ တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှု လိုက်ပါဆောင်ရွက်ခြင်း၊ ပထမသတင်းပေးတိုင်ကြားချက်ရေးဖွင့်ခြင်းနှင့် မှုခင်းမှတ်တမ်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ နိုင်ငံဖြတ်ကျော်မှုခင်း၊ ပြစ်မှုနှင့် ငွေကြေးစီးဆင်းမှုကို တစ်ပြိုင်တည်းစစ်ဆေးခြင်းနှင့် ကျွမ်းကျင်သူ သို့မဟုတ် ပါရဂူ၏ ထင်မြင်ချက်ရယူခြင်း ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ ဆွေးနွေးပို့ချမည့်ဘာသာရပ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ နည်းပြများကိုယ်တိုင် သင်ကြားပေးမှာဖြစ်တဲ့အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားမှတ်သားသင်ယူကြဖို့ ပြောကြားလိုပါကြောင်း၊ ယခုသင်တန်းမှာ ပို့ချသည့် သင်ခန်းစာများကို လေ့လာသင်ယူပြီးတဲ့နောက် အမှုစစ်ဆေးရာမှာ အရေးကြီးတဲ့သက်သေများ၊ စွပ်စွဲခံရသူများနှင့်ပတ်သက်ပြီး တွေ့ကြုံနိုင်သည့် အမျိုးမျိုးသောအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဖြေရှင်းကျော်လွှားရမယ့် နည်းလမ်းတွေ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စရပ်များကို သိရှိနားလည်လာကြမှာဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းအားဖြင့် စနစ်တကျ လုပ်ကိုင်တတ်လာမှာဖြစ်သလို မိမိတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကိုလည်း သေချာစွာ ပိုင်းခြားသိမြင်နိုင်စေမှာလည်းဖြစ်ပါကြောင်း၊ အောင်မြင်သည့် စစ်ဆေးရေးမှူးကောင်းများ ဖြစ်လာစေရေးအတွက် လေ့လာမှု အားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်းမွန်လာမှာဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်း ဘဝတိုးတက်ရေးအတွက် လေ့လာအားထုတ်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်မှုများ ကောင်းမွန်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေးမြင့်မားလာကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စွမ်းဆောင်ရည်များလည်း မြင့်မားလာမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်စပ် သတင်းများ