(၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ South East Asia Parties Against Corruption (SEA-PAC) ၏Secretariat အစည်းအဝေး

  • Wed, 27 April 2016

(၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ South East Asia Parties Against Corruption (SEA-PAC) ၏Secretariat အစည်းအဝေး


        ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ၂၀၁၆ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ များတွင် ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် အရှေ့တောင် အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ (SEA-PAC) Secretariat အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင် တို့ တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးသို့ (SEA-PAC) အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ပါသည်။ (SEA-PAC) အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (SEA-PAC) အဖွဲ့ဝင်နိုင်ငံများ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆောင်ရွက်မှု စီမံချက် (Action Plan) မူကြမ်းအား ယခုကျင်းပသည့် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ပါသည်။

        ဘရူနိုင်းနိုင်ငံရှိ အစိုးရဌာနများ၏ လွဲမှားသော စီမံခန့်ခွဲမှုများနှင့် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုနှင့် ရှေ့နေချုပ်ရုံးတို့မှ ပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းလျှက်ရှိသည့် အခြေအနေများ၊ အကျင့်ပျက်ခြစားမှုနှင့် မရိုးသားမှုများကို သက်သေပြရန်အတွက် စုံစမ်းထောက်လှမ်း၍ စစ်ဆေးမှုများပြုလုပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ပြည်သူ့အရာရှိများ၏ ကျင့်ဝတ်ဆိုင်ရာ ယဉ်ကျေးမှုမြင့်မားလာစေရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးထားရှိပေးသည့်  အခြေအနေများ၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားပြုခြင်းမှ ကာကွယ်ရန်ဆွေမျိုးကောင်းစားရေးဝါဒနှင့် ခရိုနီဝါဒကို ကာကွယ် တားဆီးရန် ဆောင်ရွက်သည့် အခြေအနေများ၊ ဘရူနိုင်းဘုရင်မင်းမြတ်အပါအဝင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူများ၏ နိုင်ငံတာဝန်များထမ်းဆောင်ရာတွင် ရိုးသား ဖြောင့်မတ်မှုရရှိစေရေးနှင့် အဂတိလိုက်စားမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို လေ့လာသိရှိခွင့်ရရှိခဲ့ပါသည်။

        အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SEA-PAC) ၏ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု စီမံချက်(Action Plan) သည်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အသေးစိတ်စီမံခန့်ခွဲမှုများ၊ တိကျသောရည်ရွယ်ချက်များ အလိုက် အစီအစဉ်များနှင့် စီမံချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်တည်ဆောက်ခြင်းများ၊ သတင်းအချက်အလက်များ မျှဝေခြင်း နှင့် ကျွမ်းကျင်ပညာရှင်များဖလှယ်ခြင်းမှတဆင့် အောင်မြင်မှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် စီမံထားသဖြင့် SEA-PAC အဖွဲ့ဝင်(၁၀) နိုင်ငံအတွက် ကောင်းမွန်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

အစည်းအဝေးကျင်းပစဉ်

        အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အစီအမံ နှင့်တာဝန်များအား ပွင့်လင်းစွာ ဆွေးနွေးခွင့် ရရှိခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အတွေ့အကြုံသစ်များ ဖလှယ်နိုင်ခြင်းနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၆ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လက်ခံကျင်းပရမည့် (၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SEA-PAC) နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ကြိုတင်စီမံဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများရရှိစေပါသည်။

ဆက်စပ် သတင်းများ