ပြည်သူ့အရာရှိများ၏ငွေကြေးဆိုင်ရာထုတ်ဖော်ကြေညာရန် နည်းလမ်းသစ်များဖြင့်ချဉ်းကပ်ခြင်း ညီလာခံ
- Wed, 1 June 2016
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ Edsa Shangri-la ဟိုတယ်၌ ၁-၆-၂၀၁၆ ရက်နေ့မှ ၃-၆-၂၀၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့အရာရှိများ၏ ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာရန် နည်းလမ်းသစ်များဖြင့် ချဉ်းကပ်ခြင်း (Innovative approaches to Financial Disclosure) ညီလာခံသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းနှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဆွေဆွေဖြူတို့တက်ရောက်ခဲ့ပါသည်။
ညီလာခံအား (၁) ပူပေါင်းဆောင်ရွက်မှုနည်းလမ်းသစ်များစူးစမ်းဖော်ထုတ်ရန်နှင့် အတွေ့အကြုံများမျှဝေရန်၊ ငွေကြေးဆိုင်ရာထုတ်ဖော်ကြေညာရန်နှင့် ငွေကြေးခဝါချ မှုတိုက်ဖျက်ရေး လက်တွေ့ဆောင်ရွက်သူများ၊ မူဝါဒရေးဆွဲသူများနှင့် ASEAN အဖွဲ့ဝင်နိုင်ငံများရှိ အစိုးရအရာရှိများအတွက် နယ်ပယ်တစ်ခု ဖန်တီးရန်၊ (၂)လတ်တလောတွင်ငွေကြေးဆိုင်ရာထုတ်ဖော် ကြေညာရန် ဆောင်ရွက်ပုံကို အများနားလည်နိုင်သောအမြင်တစ်ရပ်နှင့် ဗဟုသုတဖလှယ်ရန်၊ စိန်ခေါ်မှုများ၊ ဆောင်ရွက်ချက် အသစ်များနှင့် ဆန်းသစ်တီထွင်သောအမြင်များ ဖလှယ်ရန်၊ (၃) အဂတိလိုက်စားမှုကဲ့သို့သော ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ခဝါချခြင်းကို တိုက်ဖျက်ရာတွင် ASEAN နိုင်ငံများ၏ စွမ်းဆောင်ရည်တိုးမြင့်လာစေရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းအစီစဉ်များကို ထောက်ပံ့ပေးနိုင်သည့် ငွေကြေးဆိုင်ရာထုတ်ဖော်ကြေညာရန် နည်းစနစ်များနှင့်ပတ်သက်၍ သိမြင်နားလည်မှုတိုးမြင့်လာစေရန်၊ (၄)ငွေကြေးဆိုင်ရာထုတ်ဖော်ကြေညာရန် ကောင်းမွန်သော အလေ့အကျင့်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ ကြေညာချက်များ နှင့် ဆန်းစစ်တွေ့ရှိချက် အသစ်များကို ဖြန့်ဝေရန် စသည်တို့ကို ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
ညီလာခံသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တီမောလက်စတေ တို့နှင့် နိုင်ငံတကာကျွမ်းကျင်သူများဖြစ်သည့် မော်ဒိုဗာ၊ ရိုမေနီးယား၊ ကိုရီးယား၊ အမေရိကန်၊ သီရိလင်္ကာ အစရှိသည့် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ကိုယ်စားလှယ် (၆၆) ဦး တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် နိုင်ငံအသီးသီးနှင့် ကမ္ဘာ့ဘဏ်မှ ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာခြင်းပြုလုပ်ရာတွင် ပြည်သူလူထု၏ အသိပညာ မြင့်မားစေရေးအတွက် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသင့်ကြောင်း၊ ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာခြင်းပြုလုပ်ရာ၌ အချက်အလက်များ တိကျ မှန်ကန်မှုရှိစေရန်အတွက် အီလက်ထရောနစ်နည်းပညာကို အသုံးပြုသင့်ကြောင်း၊ ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာချက်များအား ပုံမှန်ဖြစ်စေ၊ အခါအားလျော်စွာဖြစ်စေ စစ်ဆေးပေးသင့်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နည်းပညာအကူအညီများ လိုအပ်ပါက UNODC (United Nations Office on Drugs and Crimes) အဖွဲ့နည်းတူ World Bank Group သို့လည်းဆက်သွယ်နိုင်ကြောင်းတို့ သိရှိရပါသည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဆိုပါညီလာခံသို့တက်ရောက်ခဲ့သည့်အတွက် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံအလိုက် ကိုယ်စားလှယ် များနှင့် တွေ့ဆုံရင်းနှီးခွင့် ရရှိသကဲ့သို့ တက်ရောက်လာသည့်နိုင်ငံများ၏ ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်မှု အပေါ် လေ့လာသိရှိရသဖြင့် ဗဟုသုတများစွာ တိုးတက်ရရှိခဲ့ပါသည်။